
နေပြည်တော်၊ မတ် ၂၁ ရက်၊ ၂၀၂၄
အဏုမြူစွမ်းအင်ဉီးစီးဌာနသည် နျူကလီးယားလုံခြုံရေး၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဆိုင်ရာ အရေးပေါ်အခြေအနေပြင်ဆင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် ဓာတ်ရောင်ခြည်တိုင်းတာ ရေးစက်ကိရိယာများ အသုံးပြုခြင်းနှင့်ပတ်သက်၍ နည်းပညာမျှဝေသည့်သင်တန်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းသို့ လုပ်ငန်း ဆက်စပ်ဌာနများဖြစ်သည့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာနတို့မှ သင်တန်းသားကိုယ်စားလှယ်(၁၂)ဦးနှင့် အဏုမြူစွမ်းအင်ဦးစီးဌာနမှ လေ့လာသူ(၁၂) ဦး စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် အဏုမြူစွမ်းအင်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအနေဖြင့် နျူကလီးယား ကဏ္ဍအား အလေးပေးဆောင်ရွက်လာသည့်အတွက် ဓာတ်ရောင်ခြည်အသုံးချသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်လာပါကြောင်း၊ နျူကလီးယားလုံခြုံရေး၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဆိုင်ရာအရေးပေါ်အခြေအနေ ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုကဏ္ဍများတွင် လုပ်ငန်းဆက်စပ် ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင် အသုံးပြု သည့်စက်ကိရိယာများနှင့်ပတ်သက်၍လည်း အသိပညာများမျှဝေလိုပါကြောင်း အမှာစကားပြော ကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ဓာတ်ရောင်ခြည်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုများ၊ ဓာတ်ရောင်ခြည်သင့်မှုမှ ကာကွယ်သည့်နည်းလမ်းများ၊ ဓာတ်ရောင်ခြည် တိုင်းတာရေးစက်ကိရိယာများအကြောင်းနှင့် လက်တွေ့အသုံးပြုပုံများတို့အား သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
သင်တန်းကျင်းပခြင်းအားဖြင့် လုပ်ငန်းဆက်စပ်ဌာနများအား ဓာတ်ရောင်ခြည်နှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်းလိုက်နာရမည့်စည်းမျဉ်းများ၊ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်နှင့် ကျန်းမာရေး ဆိုင်ရာအသိပညာများနှင့် နျူကလီးယားလုံခြုံရေး၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အရေးပေါ်အခြေအနေပြင်ဆင်မှုနှင့် တုံ့ပြန်မှုတို့တွင် ဓာတ်ရောင်ခြည်တိုင်းတာ၊ ရှာဖွေရေးစက် ကိရိယာများအား ကျွမ်းကျင်စွာ အသုံးပြုလာနိုင်ပြီး ယင်းကိရိယာများနှင့်သက်ဆိုင်သည့် နည်းပညာများအပေါ် ကောင်းစွာ သိရှိနားလည်လာနိုင်မည်ဖြစ်၍ လုပ်ငန်းဆက်စပ်ဌာနများ အချင်းချင်း ပိုမိုပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။





