ကမ္ဘာ့အက်တမ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၂၀၂၄ (Global Atomic Quiz 2024) ကျင်းပခြင်း
နိုဝင်ဘာလ ၈ ရက်
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော World Science Day ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့အက်တမ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၂၀၂၄ (Global Atomic Quiz 2024) ကို ယနေ့နံနက် ၉ နာရီမှစ၍ ရန်ကုန်မြို့၊ ပါရမီလမ်းရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နျူကလီးယားနည်းပညာ သတင်းအချက် အလက် စင်တာ၌ ကျင်းပခဲ့ပါသည်။
နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၃၅ ဦးနှင့် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၃၅ ဦး ဖြေဆိုကြပါသည်။ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ROSATOM မှ တာဝန်ရှိသူတို့ တက်ရောက်အားပေးခဲ့ကြပြီး ဆုများ ချီးမြှင့်ခဲ့ကြပါသည်။
Global Atomic Quiz ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ ကြီးမှူး၍ online ဖြင့် ဖြေဆိုနိုင်ရန် ၂၀၂၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ရာ ဘာသာစကား ၁၁ မျိုးဖြင့် ရွေးချယ်ဖြေဆိုနိုင်ပြီး လေးနှစ်တာကာလအတွင်း နိုင်ငံပေါင်း ၇၀ ကျော်မှ စိတ်ပါဝင်စားသူ ၄၀၀၀၀ ကျော် ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ဖြစ်ပါသည်။
ယခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပမည့် Quiz တွင် နျူကလီးယား နည်းပညာအား အဓိက အသုံးပြုနေသည့် ကျန်းမာရေးကဏ္ဍ၊ စက်မှုနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ၊ အစားအစာနှင့်စိုက်ပျိုးရေးကဏ္ဍ နှင့် နျူကလီးယားသိပ္ပံကဏ္ဍတို့နှင့် သက်ဆိုင်သည့် မေးခွန်းများ ပါဝင်မည် ဖြစ်ပါသည်။ ပါဝင်ဆင်နွဲသူ အားလုံးသည် ဝက်ဘ်ဆိုက်ပေါ်တွင် မေးခွန်း(၂၅)ခုကို (၁)နာရီအတွင်း မှန်ကန်မြန်ဆန်စွာ ဖြေဆိုကြရကာ အနိုင်ရရှိသူအယောက် ၁၀၀ ကို ရွေးချယ်၍ ဆုများ ချီးမြှင့်မည် ဖြစ်ပါသည်။
အဆိုပါပြိုင်ပွဲသည် နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး နေ့စဉ်လူနေမှုဘဝတွင် နျူကလီးယား နည်းပညာ အသုံးချမှုသည် အရေးပါကြောင်း သိရှိကြစေရန်နှင့် နျူကလီးယားစွမ်းအင်ကဏ္ဍကို မီးမောင်းထိုးပြရန် ဖြစ်ပါသည်။
ယခုပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့်အတူ ယှဉ်ပြိုင်ဆင်နွှဲခြင်းဖြင့် နျူကလီးယားရူပဗေဒဆိုင်ရာ အသိပညာအသစ်များကို သိရှိခြင်း၊ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ နောက်ဆုံးပေါ် တိုးတက်မှုများကို လေ့လာနိုင်ခြင်း၊ အာကာသ/ဆေးပညာ/စိုက်ပျိုးရေးနှင့် အာတိတ် ဒေသ စူးစမ်းခြင်းတို့တွင် ခေတ်မီ နျူကလီးယား နည်းပညာအသုံးချမှုများကို လေ့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိကြောင်း သိရသည်။