ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ သိပ္ပံပွဲတော်၂၀၂၄ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၅

ယနေ့နံနက် ၉ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့တွင် ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူ များသည် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများသို့ လှည့်လည် ကြည့်ရှုလေ့လာကြသည်။

အဆိုပါသိပ္ပံပွဲတော်အား  ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့တွင် ဩဂုတ်လ ၁၅ ရက်နေ့မှ  ၁၇ ရက်နေ့အထိ ၃ ရက် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းသား/ ကျောင်းသူများအတွက် “Chronograph, Nuclear Sprint, Bet Game” စသည့် နျူကလီးယားနှင့်သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများ၊  Interactive Quiz  ဉာဏ်စမ်းပဟေဠိအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး  ဆုများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် “မြန်မာနိုင်ငံတွင် SMRs ဖွံ့ဖြိုးတိုးတက်လာစေရေး အပြန်အလှန်အသုံးချမှု” နှင့် စပ်လျဉ်းသည့် နျူကလီးယားနှင့်ဆက်စပ် Problem များအား ၂၄ နာရီအတွင်း အကောင်းဆုံး အဖြေများ ပြန်လည်ဖြေကြားသည့် Hackatom ပြိုင်ပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပသွားမည်ဖြစ်ပြီး Public Discussion အစီအစဉ်တွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ ဆရာ/ ဆရာမများနှင့် နျူကလီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အပြန်အလှန်ဆွေး နွေးမှုများ ပြုလုပ်သွားမှာဖြစ်ကာ ဖိတ်ကြားထားသည့် မြန်မာကျွမ်းကျင်ပညာရှင် (၃) ဦးနှင့် အစီအစဉ်တင်ဆက်သူမှ အပြန်အလှန် မေးမြန်းဖြေကြားထားသည့် Video Presentation ပြသ ခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

သိပ္ပံပွဲတော် မကျင်းပမီ HRD Joint Working Group အစည်းအဝေးကို ဩဂုတ်လ (၁၄) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး  အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း “ROSATOM” တို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးပြုရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းကော်မတီ (Joint Coordination Committee- JCC) ၏ ပထမဆုံးအကြိမ် အစည်းအဝေးမှတ်တမ်းပါ သဘောတူညီချက်များအရ HRD Country Plan နှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် Rosatom ပညာသင်ဆုကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ထို့အပြင် ဘွဲ့ကြို/ဘွဲ့လွန် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ လူငယ်ပညာရှင်များ အထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟု သုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အ ဆန်းများအား လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတဆင့် နိုင်ငံအတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ သိပ္ပံနှင့်နျူကလီး ယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာမှာ များစွာအထောက်အကူပြုနိုင်ခြင်းစသည့်  အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)